Wednesday 11 April 2012

အတာနဲ့  ပိတောက်



သင်္ကြန်.....
ပိတောက်ဝေ ငုကြွေတွေ ပဏာတင့် အလှ
ဘုရားတန်ဆောင်ကျောင်းကန် ကုသိုလ်မှန်
အလှူအတန်း စည်းပေါတဲ့ ဒီဂိမ္မာန်
အဖော်တစ်သင်း ပျော်မြူးကြတဲ့ အချိန်မှန်
မြောက်ပြန်လေဦး ရောက်ဖန်လေမြူး
မြူးတူးကြတဲ့ တေးသံသာ
ညီရင်းနှမရင်း ချစ်ခင်နှီးလို့  ရေကစားကြတဲ့ ရိုးရာအမှန်
နှစ်ဟောင်းကိုဆေး နှစ်သစ်လေးမှာ အေးမြလှတဲ့ အတာရေသင်္ကြန်
 
သင်္ကြန်....
အတာခင်း တာဝရိန်သာနန်းဆီက
မိုးသိကြားဆင်းချိန်တန် အိုးအတာ
အကြိုထောက်လို့  ရိုးရာကယ်မပျောက်
ချစ်စရာ ဓလေ့ထုံးစံ
ရပ်ကြီး ရွာကြီး အလှူကြီးနှင့် ခြိမ့်ခြိမ့်ကယ်ညံ
မြန်မာဟာ ကမ္ဘာလည်မှာ သဒ္ဒါရယ်ကြွယ်
ရဟန်းခံပြုဖွယ်မှန်နှင့် ကုသိုလ်ရေးမှာ နိုးကြွားပြန်
ဘိုးဘွားမကျန် ခြေစုံခင်းလို့  ဥပုတ်သီလစောင့်တည် အမှန်
အခါထူး လရယ်ကွယ် တကယ်ထူးတဲ့ ဒီတန်ခူး သင်္ကြန်

သင်္ကြန်....
သက္ကရာဇ်တွေဟောင်း နှစ်တွေပြောင်းလို့ 
ဌာနေဝေးသူ သူလွမ်းအောင်ဖန်
အတာနဲ့  ပိတောက် ဒီချိန်ရောက်ရင်
ပူမီးဗြာခွေ ဖြေရယ်မဆည်အား
လွမ်းအားရက်ရယ် ပိုမိတယ်
ဒီလိုတွေတွေး ရပ်မြေဝေးမှာ
အတာရယ် ပိတောက်
ငါတစ်ယောက် လွမ်းနေတယ် သင်္ကြန်......

(မြန်မာနိုင်ငံသားများအားလုံး လတန်ခူးနှင့်အတူပျော်ရွှင်ချမ်းမြေ့ကြပါစေ။
လွဲချော်ခဲ့ရတဲ့ သင်္ကြန်ရက်များအတွက် အလွမ်းပြေ ရေးဖွဲ့ သည်။)
                                                                                    လေလွင့်လူ(ကမာမြေ)

2 comments:

ချစ်စံအိမ် said...

နှစ်သစ်မှာပျော်ရွှင်ပါစေ

လွင်ပြင်လှိုင်းငယ် said...

နှစ်သစ်လေးမှာ ပျော်ရွှင်ရင်း ကဗျာလေးတွေ အမြဲမွေးဖွားနိုင်ပါစေ

Post a Comment