Sunday 26 February 2012

ပင်ကိုရောင်ခြယ်ခန်း


ကံတရားကို ဖဲချက်တွေလိုဆွဲ
လိုရာလည်းမရကော
“ဆိုးပါ့  လောကကြီးရယ်”လို့ 
အောက်အီးပြီးတောင်မနေ
ချက်ချင်းကြီးကို ထညည်းမိတယ်။

အံဝှက်မရှိတဲ့ လောကဓံကို 
ပြောင်းပြန်လိုက်တွေး
အဆန်ကို အစုန်ထင်
ပုံပြင်တွေနဲ့ ဒဏ္ဍာရီအကြား
လေထန်အောက် 
သက်မပျောက်တာတော်သေး။
အတောင်တစ်ဖက်နဲ့ ပဲ  အားစိုက်ပျံ့ ဖို့                                       
ခွန်အားတစ်စုံ   ပဲ့ကျန်နေသေးလို့ ...။

ငါမှားလား မင်းမှားလား
အဖြူအမဲ သည်းကွဲရအောင်
ဒီကျင့်စဉ်တွေ
ကိုယ်တိုင်ကလည်းဥာဏ်မမှီ..  
လောကကြီးဟာ လောကပဲ
ဘာမှအောချစရာမှမရှိတာ
အဖြစ်အပျက် အတက်အဆင်းနဲ့ 
သေချာတာတစ်ခုက
ငါ့ အရိပ် ငါတက်နင်းမိတာတော့ အခါခါပဲ။

မတတ်ခင်သာ အသင်ခက်တဲ့အပြုံး
တကယ်တမ်း....
အရှုံးခန်းမှာ ပြုံးတတ်လာပြီ။
ဒါပေမဲ့...                                   
အတုမဟုတ်ဘူး။
ဟန်ဆောင်ခြင်းကင်းတဲ့လောက
ငါလည်း ထပ်ဟန်ဆောင်ဖို့ မှမလိုတော့
ကျန်တာ..
သူ့ သဘောသူဆောင်ပေါ့။

ငွေကြေးတွေနဲ့ ကစားရင်း
သားကောင်တစ်လှည့် မုဆိုးတစ်လှည့်
ပြကွက်တွေလည်း
ဆန်းကြယ်တယ်။
အဲ့တာကြောင့်_
အမေအမြဲပြောခဲ့တာ
 “သား..ဘယ်သူတရားပျက်ပျက်
   ကိုယ်ဘက်ကမပျက်စေနဲ့ ”တဲ့..
အတောင်ကျိုး၊အိပ်မက်သိုးတော့မှ
ထသုံးမိတဲ့ စကား....။

ခပ်ခါးခါးမှာ ခပ်ဝါးဝါးဆင်
မမြင်တတ်လို့ လား..
မဟုတ်ပါဘူး..
မမြင်ချင်ယောင်ဆောင်ခဲ့တာ..။
ပင်ကိုရောင်ပြင် ရောင်စဉ်မဟုတ်
စွန်းထင်မှုအောက်
ခုနှစ်ထွေအကရဲ့  တစ်ည
ငါရလိုက်တဲ့  ညကြေးတွေ
တစ်သက်ထားတောင် စားမကုန်ဘူး။

အိပ်မက်တွေကရှည်လိုက်တာ..
အချစ်ကိုလည်း စိတ်ကူးယဉ်
အဆင်တွေလည်း တင့်
အချိန်စေ့ကာ ခေါင်းလောင်းထိုးတောင်
ငါမနိုးခဲ့ဘူး။
ဝမ်းရေးက လွမ်းရေးထက်ခက်တာအမှန်ပဲ။

ဘာတွေ.. ညာတွေ.. ဆိုတာနောက်ထား
အရင်ဆုံး ငါ့အထုပ် ငါပိုက်
လမိုက်မိုက်မှာပဲ
အတ္တနဲ့ မာနအမှိုက်ကြားက
မိုးယိုနေတဲ့ အိပ်မက်တွေ 
ဖာထေးရအုံးမယ်။      ။

                              လေလွင့်လူ(ကမာမြေ)

Wednesday 22 February 2012

ဆန္ဒလေးများ(ချစ်သူသို့ )




မင်း သတိရလို့ တွေးတဲ့အခါ 
ငါအကြောင်းတွေပဲဖြစ်ပါရစေ...

မင်း ငြီးဆိုနေမယ့် သံစဉ်လေး 
ငါ့အတွက်သီချင်းလေးဖြစ်ပါရစေ...

မင်း လွမ်းလို့ သီကုံးတဲ့ ကာရံ
ငါ့အတွက် ကဗျာလေးဖြစ်ပါစေ...

မင်း မက်မဲ့အိပ်မက်မှာ 
ငါ့ပုံရိပ်တွေ ဖြစ်ပါစေ....

မင်း ကြေကွဲလို့  ငိုတဲ့အခါ 
ငါ့ရင်ခွင်ပဲဖြစ်ပါစေ...

ဘာတွေဖြစ်ဖြစ် မင်းနဲ့ 
ချစ်ခြင်းတစ်ခုတည်းရှိပါစေ...

မိုင်ထောင်ချီ သမုဒ္ဒရာတွေကြား
နှစ်ဦးသား ဝေးကွာနေလည်း
တမ်းတခြင်း ချစ်ခြင်းများနဲ့ 
ငါ့တို့ နှစ်ဦးနှလုံးသားတွေ အစဉ်နီးပါရစေ...

နေ့ နဲ့ ညကန့် သတ်ချက်ရဲ့ 
ရက်စွဲတွေ လွန်မြောက်ပြီးရင်
တမ်းတခြင်းတွေ  မင်းအတွက် 
အဆပေါင်းတိုးလို့ ပေးပါ့မယ်...

ဒီအချိန်လေးပဲ ချစ်သူ..
မင်းအတွေးအားလုံး 
စိုးမိုးသူတစ်ယောက်အဖြစ်နဲ့ 
ငါ့အတွက်ရှင်သန်ခွင့်လေး ပေးပါနော်.....


Monday 20 February 2012

ဘာဖြစ်ဖြစ်....

ဆုံမှတ်အတွက် ဂုဏ်ဒြပ်တွေ..
လောကမှာ အဲ့လောက်မခမ်းနားဘူး
ဆန်းပြားတဲ့ အနမ်းတွေအကြောင်း
ပုံပြင်ဆန်ဆန်ပဲ သိခဲ့ရတာ
ခံစားချက်စုပုံတဲ့ ရင်ဘတ်တစ်ခုလုံး
ကျေနပ်ခြင်းအောက်က ဥပက္ခာတရားတွေ
နှောင်ကြိုးတွေကိုမှ တိုက်စားတတ်တဲ့ လှောင်ရယ်သံ
အပြုံးနဲ့ ကျီစားသွားတဲ့ အမုန်းပန်းတွေ
အဲ့ဒီ့ရနံ့ ကိုမှ ရူးသွပ်မှုတွေနဲ့ နမ်းရှိုက်ခဲ့ရသူ
နာကျင်မှုနေ့ စဉ် ရက်စွဲတွေထပ်ထပ်နေပါစေ
တန်ဖိုးမထားလည်း ပျိုးထားဆဲချစ်ခြင်းတွေ
တခဏမဖက်တဲ့ ထာဝရအတွက်
နှလုံးသား ပုံဖမ်းကားတစ်ချပ် မျက်နှာပြင်မှာ
နင်ပဲနေရာယူတတ်လို့ 
နာတာရှည်သမားတစ်ယောက်လို
တမ်းတမှုနောက်တွဲ“မင်းမရှိလည်းဖြစ်တယ်”ဆိုတဲ့
လူစားထဲ ငါမပါဘူးဖြစ်နေတယ်....

ကျေးဇူးပါ ကံတရားရယ်
တွေ့ ဆုံခွင့်တွေအတွက်...
မဆုံမှန်းသိတဲ့ လမ်းကိုယှဉ်လျှောက်ရမှာတော့
နေ့ တာကော၊ညတာတွေပါ
ရှည်ပါစေ တောင့်တရုံကလွဲပြီး
ကုစားဖို့ ဆေးမရှိဘူး
နင့်အတွက်ပိုနေတဲ့ ငါ့လိုအပ်ချက်တွေ
တကိုယ်ရည်တည်း နင်သာငိုခဲ့ရရင်
ငါ့ပခုံးလေးမှာ ခေတ္တလာနားခိုပါ
ငါမဟုတ်တဲ့ တခြားရင်ခွင်ရဲ့
နင့်ရဲ့ပျော်ရွှင်မှုအားလုံး ဥပက္ခာပြုပေးထားပါ့မယ်.....

                                      လေလွင့်လူ(ကမာမြေ)

Friday 17 February 2012

တကိုယ်ရည် ကျရှုံးခန်းအပိုင်းဆများ



ဘဝကို လင့်စင်ထိုး ခပ်ရိုးရိုးမျှော်နေတော့မယ်
တခါခါ င့ါအိပ်မက်တွေကျပျောက်သွားလည်း
ပြန်မရှာရတော့ဘူး
ဒါဆိုရင်..
ခပ်ရိုင်းရိုင်း လေပြေတစ်ဝက်နဲ့ 
ခြေသံတွေလည်း တိတ်ပေါ့..
ငါ့ပိုင်တာဆိုလို့ 
မင်မခြောက်သေးတဲ့ ဒဏ်ရာတဝက်တပျက်နဲ့ 
ထည့်မလောက်တဲ့ ရင်ဘတ်တစ်ခုရယ်..
လုံလောက်နေပါပြီ။

ငါ့ဆီ နာမတစ်ခု အမှတ်မထင်ရောက်လာတယ်
“ကဗျာဆရာ”တဲ့
အဲ့လိုသာ ပြည့်စုံနေရင် ဘယ်လောက်ကောင်းလိုက်မလဲ။
ဗီဇနဲ့ ခံစားချက်မှာ ဘာရသ ဘာမှမရှိ..
ငါ့ကိုငါ ခပ်တင်းတင်းပဲ ငြင်းပါတယ်“မခံယူဝံ့ပါ”။

ခေတ်လည်းမပြိုင်၊ခေတ်လည်း မပိုင်
ခေတ်နဲ့ ဆိုင်နေလို့ 
မယုံတဝက်ပုံပြင်ပြောတမ်းမှာ
အတော်တောင်ခရီး ပေါက်နေပြီ။
အမှောင်ကြောက်လို့  ချောင်ခိုလျှောက်ကာမှ 
အလင်းကလည်း ပျောက်။
ညအိပ်ယာဝင် ဝေဒနာပုံပြင်တွေမှာ
သဇင်ပန်းနဲ့  စံပယ်ပန်း ရနံ့ နမ်းရှိုက်ခြင်းအတွက်
သင်ခန်းစာကို အခါခါ ငါမကြေခဲ့ဘူး။
ဝေဒနာတွေ ရထားတစ်စင်းသာ ဖြစ်လိုက်ပါတော့လား
ခံစားမှုသံစဉ်တွေ ဥသြသံလို သံရှည်စွဲရအောင်။

ခင်ဗျားတို့ ပဲ စဉ်းစားကြည့်
ကြင်နာသူတစ်ယောက် ကောက်ရပါတယ်
ချစ်ခြင်းမေတ္တာကိုမှ ဓနဥစ္စာတွေနဲ့ ချောက်ချပြီး
မာနကိုမှ ဖိနပ်စီးချင်လို့ တဲ့...
ထွက်သွားချိန်ထိတိုင် ချွတ်မသွားတာ“အံ့ပါရဲ့ဗျာ”

ဟောဒီ့-
ကာရံမိုး၊စက္ကူကာတဲ့ အိမ်မှာမှ
မိုင်ထောင်ချီနေတဲ့ အတ္တ မာနတွေ
နားထောင်ပေးရလောက်အောင်
အလင်းတိုင်မှာ မီးစာမှမလုံလောက်တာ
ဘယ်လိုလုပ်ပေးရမှာလဲ...........
 
                                             လေလွင့်လူ(ကမာမြေ)




Thursday 16 February 2012

အမည်မသိ ဝေဒနာ





ဝေဒနာကို အသိုက်ဖျက်
ခပ်မိုက်မိုက်နဲ့   ရွက်လွှင့်
တမ်းတခြင်း ပင်လယ်ပြင်က
ခံစားမှုတွေ ထန်လှပါလား....

အချစ်ကို ဘဝလုပ် ပုဒ်စာတွေကိုထုတ်
လမ်းခွဲတာ   အဖြေလား...
လမ်းလွဲတာ အဖြေလား...
လွမ်းရဲတာ  အဖြေလား...
မသေချာမှုရဲ့ နိဂုံး နောက်ဆုံးတော့
ခပ်ပြုံးပြုံးပဲ ပြုံးဖြစ်တာပေါ့...

ကလေးတစ်ယောက်လို
လိုတာမရ ငိုရကြေးဆို
နှလုံးသားလည်းမျက်ရည်အောက်
တော်တော်တောင် နစ်လောက်ပြီ
လွှတ်ပစ်လိုက်တာပဲ ကောင်းတယ်
ရင်ခွင်ဗလာနဲ့ မျှော်လင့်ခြင်းအခွံတွေ...
ဘယ်ရောက်ရောက် ပြန်မကောက်တော့ဘူး

တွေ့ ဆုံမှုက စည်းမှန်းသိရင်
အစကတည်းက နှလုံးသားကိုမကျော်ခိုင်းပါဘူး
ကျွံပြီးမှ ပြန်နှုတ်နေလည်း
ဒဏ်ရာက နေခဲ့တာမှမဟုတ်တာ
အနာအတွက် ဆေးရှာမရတာ
တော်တော်ခက်တယ်...

အခုတော့...
အိပ်မက်ဟောင်းအောက် ကြယ်ကြွေကောက်ပြီး
အလွမ်းသီဖို့  ခံစားချက်တွေတောင်
ဘယ်နဲ့ ညာ မှားတတ်လာပြီ....

                                       လေလွင့်လူ(ကမာမြေ)

တဖက်သက်နဲ့ အချစ်ကိုရင်ဆိုင်နေရသူများအတွက်(သီချင်း)




ဝိုင်ဝိုင်းရဲ့ သီချင်းလေးပါ....

သံစဉ်နဲ့ စသားတွေလှလို့  flashsong လုပ်ထားပါ။ပေးဆပ်ခြင်းနဲ့ 

အချစ်ကိုခံစားနေကြသူများအတွက် သီချင်းလေးက အားရစရာလေးပါ:)

သီချင်းနားဆင်ပါရန်-“လက်ခံမှာလား”  တေးဆို-ဝိုင်ဝိုင်း

အချက်(၃၈)ချက်အသုံးတည့်မှာပါ



၁။နေ့ စဉ်(၁၀)မိနစ်မှ မိနစ်(၃၀)ထိလမ်းလျှောက်ပါ။လမ်းလျှောက်နေစဉ်အတွင်း
   သင့်မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားပါ။
၂။နေ့ စဉ် အနည်းဆုံး(၁၀)မိနစ်ခန့်  ဘာကိုမှမတွေးပဲ ငြိမ်သက်စွာနေပါ။မနက်
   အိပ်ယာထပြီဆိုတာနဲ့  ပုံမှန်လုပ်နိုင်ပါတယ်။
၃။ဘယ်လောက် ပင်ပန်းအလုပ်ရှုပ်နေပါစေ ရရင်ရသလို (၇)နာရီပြည့်အောင်
   အိပ်ပါ။
၎။Eသုံးလုံးနဲ့  အညီနေပါ။
   1.Energy(စွမ်းအား)2.Enthusiasm(စိတ်အားထက်သန်မှု)
   3.Empathy (ဂရုဏာ)
၅။Gameတွေကစားပေးပါ။
၆။မနေ့ ကထက် ဒီနေ့ စာများများ ပိုဖတ်ပါ။
၇။တရားထိုင်ခြင်း၊ယာဂကျင့်ခြင်း စတာတွေအတွက် နေ့ စဉ်အချိန်ပေး
  လုပ်ဆောင်ပါ။
၈။သင့်ရဲ့ အချိန်တွေထဲက အနည်းဆုံးမိနစ်(၃၀)ခန့် ကို အသက်(၇၀)အရွယ်တွေနဲ့ 
  အသက်(၆)နှစ်အောက် ကလေးငယ်များနဲ့  အချိန်ဖြုန်းပေးပါ။
၉။နိုးနေတာထက် အိပ်မက်(စိတ်ကူး)များများ ယဉ်မက်ပါ။
၁၀။အသားများများစားတာထက် အသီးရွက် များများစားပါ။
၁၁။ရေ များများသောက်ပါ။
၁၂။တစ်နေ့ မှာ အနည်းဆုံး လူ(၃)ယောက်ကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးဖြစ်အောင်ပြုံးပြပါ။
၁၃။အတင်းပြောခြင်းနဲ့  အချိန်တွေ မဖြုန်းမိပါစေနဲ့ ။
၁၄။အတိတ်အမှားတွေကို ပြန်အစမဖော်မိပါစေနဲ့ ။လက်ရှိအနေထားကစလို့ 
     ပျော်အောင်နေပါ။
၁၅။သင်မလုပ်နိုင်ပဲနဲ့  အဆိုးဘက်က မမြင်ပါနဲ့ ။အကောင်းဘက်မှာ သင်ကိုယ်တိုင်
     ဝင်ခံစားပေးပါ။
၁၆။ဘဝဆိုတာ သင်ယူစရာတွေပြည့်နှက်နေတဲ့ကျောင်းတစ်ခုဆိုတာသိပါ။ပြဿနာ
    ဆိုတာ သင်ရိုးညွှန်းတမ်းထဲက ပြဌာန်းချက်အပိုင်းအစတစ်ခုဖြစ်လို့  ကျောင်းမှန်မှန်
    တက်ပြီး ဘဝရဲ့ နောက်ဆုံးအချိန်ထိလေ့လာသင်ယူရင်း အလွယ်လေး ကျော်ဖြတ်
    သွားပါ။
၁၇။မနက်မှာ ဘုရင်လိုစား၊နေ့ လည်မှာ မင်းသားလိုစား၊ညမှာ သူဖုန်းစားလိုစားပါ။
၁၈။လုပ်ငန်းခွင်ထဲမှာ များများရယ်ပြီး များများပြုံးပါ။
၁၉။ဘဝဟာ သိပ်တိုတောင်းပါတယ်။အမုန်းတရားတွေနဲ့  အချိန်မဖြုန်းပါနဲ့ ။
     မုန်းနေတာတွေ ဆန့် ကျင်ဘက် လုပ်ကြည့်ပါ။
၂၀။အလုပ်တွေလုပ်တဲ့အခါ အသည်းသန် အပူတပြင်းမလုပ်ပါနဲ့ ။ခေါင်းအေးအေးထားပြီး
     အမှားကင်းအောင်လုပ်ပါ။
၂၁။အငြင်းခုန်ကိစ္စတွေအတွက် တန်ဖိုးရှိတဲ့ သင့်အချိန်လေးတွေကို မဖြုန်းပါနဲ့ ။
၂၂။အတိတ်က ကိစ္စရပ်တွေအတွက် ငြိမ်းချမ်းရေး ယူကြည့်ပါ။
     လက်ရှိအခြေနေအတွက် အထောက်ကူရလာပါလိမ့်မယ်။
၂၃။သင့်ဘဝကို အခြားတစ်ယောက်နဲ့  မနှိုင်းယှဉ်ပါနဲ့ ။
၂၄။သင့်ဘဝကိုပျော်ရွှင်လုပ်နိုင်တာ သင့်အပြင် တခြားလူမရှိဘူးဆိုတာ သိပါ။  
၂၅။အရာရာတိုင်းအတွက် လူတိုင်းကိုခွင့်လွှတ်တဲ့စိတ်နဲ့  မြင်ကြည့်ပါ။
၂၆။အခြားလူတွေ သင့်ကိုဘယ်လိုထင်မြင်နေပါစေ မဟုတ်ရင် သင်ခံစားမနေပါနဲ့ ။
၂၇။ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ လိုအပ်အချိန်တစ်ခုကို စောင့်ကြည့်ပါ။
၂၈။သင်နေမကောင်းဖြစ်နေလျင် သင့်သူငယ်ချင်း(သို့ )တစ်စုံတစ်ဦးက
     သင့်တာဝန်တွေကို လုပ်ဆောင်ပါလိမ့်မယ်။(ကိုယ်ကျန်းမာမှစိတ်ကျန်းမာမည်)
၂၉။အသုံးမဝင်တော့တဲ့အရာတွေကို အမြန်ဖယ်ရှားပါ။လှလှပပနဲ့ ပျော်ရွှင်အောင်နေပါ။
၃၀။မနာလိုဝန်တိုခြင်းဆိုတာ အချိန်ဖြုန်းနေတဲ့ နည်းတစ်ခုပါ။
    အမှန်တော့ အရာအားလုံးကို သင်ပိုင်ဆိုင်ထားပြီးပြီဆိုတာကိုသတိရပါ။
၃၁။မကြာမှီ အကောင်းဆုံးတွေ သင့်ထံရောက်လာတော့မယ်ဆိုတာ သိပါ။
၃၂။ခံစားမှုတွေများလို့  မပြိုလဲသွားပါနဲ့ ။အမြန်ထ၊အမြန်ပြင်ဆင်ပြီး လန်းဆန်း
     တက်ကြွစွာ နေပြပါ။
၃၃။သင်မှန်တယ်ထင်တာတွေ တွေးပြီးလုပ်ပါ။
၃၄။မကြာခဏ မိသားစုနဲ့ ဝိုင်းဖွဲ့ စကားပြောပါ။
၃၅။သင့်ရဲ့အတွင်းစိတ်ကို အမြဲပျော်ရွှင်အောင်ထားပါ။
၃၆။နေ့ စဉ် တစ်စုံတစ်ယောက်ဆီကိုပုံမှန်လက်ဆောင်ပေးပါ။
၃၇။အလုပ်ထဲ အတိုင်းအတာတစ်ခုအထိပဲ အနစ်မွန်းခံပါ။
၃၈။သင်သိသမျှ ပတ်ဝန်းကျင်ကို မျှဝေပါ။
 (နိုင်းနိုင်း-စနေဘာသာပြန်သည်။)

သူငယ်ချင်းတစ်ယောက်မှဖတ်စေချင်လို့ ပို့ ပေးထားတာပါ။အားလုံးနဲ့ 
အသုံးတည့်  တာဖြစ်တာကြောင့်  ပြန်မျှဝေပေးလိုက်ပါတယ်။
                                                    လေလွင့်လူ(16:30-Thu)

Wednesday 15 February 2012

အပျင်းပြေရအောင်fanလေးပါ

မနှိပ်နဲ့ လို့ တော့ပြောတာပဲ သူကလေ...နှိပ်ချင်သပါ့ဆိုလည်း နှိပ်သာနှိပ်သာနှိပ်လိုက်ပါ:P

လုပ်ပေးခဲ့ပြီးသော အမှတ်တရသီချင်းလေး




လူတစ်ယောက်က မေးလ်ကိုလာအပ်ပြီး သီချင်းလုပ်ပေးပါလာဆိုလို့ 

လေလွင့်လည်းငြင်းလိုက်ပါတယ်:P ဘာသီချင်းလဲ ပြောပေါ့...

နှစ်ပုဒ်တည်းပါခင်ဗျတဲ့(တေပီဆာပဲ) flashsong ကစိတ်ကြိုက်ရဖို့ 

အချိန်ပေးရတာ သိပုံမပေါ်ပါဘူး လေလွင့်ကလည်း အလုပ်တဖက်နဲ့ 

ကူညီပေးလိုက်ပါတယ်..ချစ်သူများနေ့ အတွက်ဆိုလို့ :D

 အော်..မေ့နေလို့  ဒီသီချင်းကတင်ပြီးသားလေ ပိုပြည့်စုံအောင်

ထပ်ဖြည့်ချက်လေးတွေ ရှိနေလို့ လေ:P


ကဲ..ကဲ..သီချင်းလေးနားဆင်ခံစားကြည့်ပေးနော်:)

သီချင်းနားဆင်ရန်-“မ” တေးဆို-ပူစူး

Tuesday 14 February 2012

ပုရိသအလွမ်း


ဒဏ်ရာနဲ့ ပိတောက်ငိုကြွေးချိန်
ငုတွေက လှောင်ပြုံး ပြုံးတယ်
နာကြည်းချက်တွေပါမလားတော့မသိဘူး..
မဆုံနိုင်မှန်းကူးတဲ့မြစ် ဒေါင်လိုက်ပဲ ဖြစ်ဖြစ်နေတယ်
ခံစားချက်ကိုသီကုံးကာမှ စကားလုံးကညတာရှည်တယ်
သံစဉ်တွေအော်ဟစ်ဖို့  အားအင်တွေခြောက်ခြားနေတယ်

နေကွယ်မှာကြောက်လို့  လရိပ်အောက်ခိုတော့ ကြယ်လေးတွေငိုနေကြတယ်..
ဟင်းလင်းပြင်ထက် ခြေလှမ်းတွေက ဒယိုင်းဒယိုင်...
လင်းကြက်တစ်ကောင်းနဲ့ ညဥ့်ဌက်တစ်ကောင်လွန်ဆွဲတိုင်း
ငါသာ တစာခံဖြစ်ရတယ်...

ဘယ်မှာလဲ လမင်း.........
ညခင်းမှာ ငါ့အလွမ်းနဲ့ စစ်ခင်းမယ်ဆို..
တာရာသလင်းက ကြယ်တစ်ခင်းက ငါ့ကို ကျီစားကုန်ကြပြီး..

မာယာမဲ့နှောင်ကြိုးတွေနောက် ကညာပျိုရဲ့  အတ္တဓားတစ်စင်းက
အချစ်ကိုမှာ တစ္ဆေတစ်ကောင်လို လာလာပြီးခြောက်လှန့် တယ်
စွဲလန်းခြင်းအိပ်မက်နဲ့ ပြုစားတတ်တဲ့ ကဝေပျို ..
ငါ့  နိဂုံးဆိုတာ သူ့ လက်တစ်ဆုတ်စာ..

တကယ်ဆိုရင်-
ကြယ်တစ်ခင်းတောက်ပခြင်းမှာ သိမ်ငယ်ခြင်းမပါဘူး
ပန်းတစ်ခင်းပွင့်လန်းခြင်းမှာ ဟန်ဆောင်ခြင်းတွေမပါဘူး
စမ်းတွေရဲ့ စီးဆင်းခြင်းမှာ ပူလောင်ခြင်းတွေမပါဘူး
ငါ့ရင်ထဲမှာလည်း မင်းအတွက်စွန့် လွှတ်ခြင်းတွေမပါဘူး
ဆန္ဒရှိသလိုနေပါ တားမြစ်ခြင်းဆိုတာ အချစ်မှာမပါဘူး...

အချစ်ပွဲက စစ်မက်နွဲသလို ထားရဲသူသာ နိုင်လိုကြေးလား..
အဲ့တာဆိုရင်..
ကြေကွဲခြင်းအတွက် နှစ်သိမ့်ဖို့ ဆုတစ်ခုတောင် ငါမမျှော်တော့ဘူး
အောင်မြင်ခြင်းဆိုတာ အကုန်လုံး မင်းကိုပေးတယ်
မင်းပျော်ရဖို့  အဓိပါ..
တကယ်တော့-
ယုံကြည်ချက်တွေ ကျီစားရင်း အရောက်မှာ
အချစ်ဆိုတာလည်း သတိထားရင်း ပျောက်ခဲ့တာ မဟုတ်လား.....

                                                     လေလွင့်လူ(ကမာမြေ)


Monday 13 February 2012

ချစ်သူများနေ့ အတွက်ဖန်တီးချက်သီချင်း




လွန်ခဲ့တဲ့ရက်သတ္တပတ်က ကျွန်တော်ဆီလူတစ်ယောက် ဘယ်ကနေမျက်စိလည်ပြီး
အကောက်ကိုလာအပ်လည်းမသိပါဘူးဗျ။သူကပြောတယ်  “အကိုက သီချင်းတွေလုပ်
ပေးတယ်ဆို...ကျွန်တော်ကို ကူညီပေးပါ”တဲ့...ကဲကောင်းရော.ဘာပြောရမလဲ မစဉ်း
စားနေတော့ဘူး။ကိုယ်တော်ပြောပေါ့...သူကဆက်ပြောတယ်..ကျွန်တော် “
ချစ်သူများနေ့  ကျွန်တော်ကောင်မလေးကိုပေးချင်လို့ ပါတဲ့...(ဟဲ..ဟဲ..)
နှစ်ပုဒ်ထဲပါတဲ့....မောင်လေလွင့်လည်း ဒါမျိုးဆို ရှေ့ဆုံးကလေ :P
မတောက်တခေါက်တတ်ထားတာလေးနဲ့  လာထားပေါ့ :D...လုပ်တော့ပြီးသွားပြီ
ကိုယ်တော်ချောတော့ စိတ်တိုင်းကြ မယ်ထင်ပါတယ်..
နားစဉ်ကြည့် ကြရအောင်လား..
“မ” တေးဆို-ပူစူး
“အလွမ်းပြေအနမ်း” တေးဆို-ဘန်နီဖြိုး

Sunday 12 February 2012

အရံဖြစ်သွားတဲ့ အချစ်


တကယ်တမ်းလမ်းခွဲကြတော့လည်း
ရင်ခွင်တစ်ခုလုံး ဟာနေတယ်
ငါလည်းမမှား မင်းလည်းမှန်တဲ့ ဒီအဖြစ်မှာ
အချစ်က ပိန်ပေါ်ရေမတင် အဖြစ်တွေပါ...

ပေးဆပ်မှုတွေ အခါခါ  ငါသာရင်ကွဲခံပါ့မယ်
မချစ်မမုန်းတဲ့အသုံးတွေကြား မင်းလည်းပဲပြုံးမပြပါနဲ့ တော့
အဆုံးဆိုတာ တစ်နေ့ တော့ရှိကြမြဲ မဟုတ်လား...
ငါ့အပေါ်သာ နာကျဉ်းပြီး မုန်းပေးပါ...

မထိုက်တဲ့ပန်း စိုက်ခဲ့ပြီး နမ်းချင်ခဲ့တာ
အလွမ်းဆင့်မှာ မတန်မှန်းသိတဲ့ လူ...
အရာရာသွေဖယ်ခြင်းအောက်
ငါ့လမ်းငါပျောက်လည်း မကြောက်မတော့ပါဘူး...

ဆုံးဆည်းခြင်းတွေ အမှတ်တရ ငါ့ရင်ထဲမှာပွားနေတယ်
တစ်ကြိမ်တခါမေ့ဖို့ ကြိုးစားမှုတိုင်း
အကြိမ်ကြိမ်အခါခါ သတိရခြင်းကတားနေတယ်...
ဘာတွေ ဖြစ်ဖြစ်...

နေပါစေတော့...
မျှော်လင့်လျက်မထူးတဲ့ဘဝ မျှော်လင့်မဲ့သာရူးပါစေ
မဆုံမှန်းသိတဲ့ဘဝ ပုံဖမ်းကြည့်လိုမှမရတာ..
အမြင့်ကပန်း ပွင့်လန်းခြင်းအောက် ရနံ့ မပျောက်ဖို့  အဓိကလိုတာ..
ငါ.. ဒွိဟတွေကြား ခိုနားနေဖို့  မသင့်ပါဘူး...

                                                  လေလွင့်လူ(ကမာမြေ)

Wednesday 8 February 2012

တခါက အညာ...

           


အညာရယ် တစ်ခါကွယ်  ပြန်ကာလွမ်းတော့...
ဆူးပုတ်ဝယ် ပဲကြီးခတ်၊ခရမ်းချဉ်ချက် နီစပ်စပ်
ငရုပ်ကယ်တဲ့ ထိုးထောင်ထောင်
ပူလေတယ် ဖြူလေတဲ့ ထမင်း အာခေါင်ကယ်သွင်းလို့  လွေး...
မိုးမျှော်က အာကိုလောင်လို့ 
လက်ဖက်ရည်ကြမ်း၊ထန်းလျက်ခဲနှင့်ပဲလှော်ကြီးတို့  ကူးရတယ်လေး...

အရှေ့ ကယ်မျှော် ညို့ ကာမှိုင်း ရိုးမရိုင်းက သိုင်းထားတယ်
ရှု့ ချင်ဖွယ် မျှော်ကယ်မဆုံး ပျိုးခင်လယ် စာကယ်ခြောက်
ခပ်တောက်တောက်နဲ့  ကိုစာခြောက်... 
သေလ္လာခြေ မာလာဖူးရယ် မျစ်ဦးငယ်တူးပါလို့ 
ပင်ညောင်ချဉ် ဖူးရစ်ကယ် ပုရစ်ဖူး
တို့ အညာ ထိုအင်တောမှ ဖက်ခုတ်ခဲ့ ပြန်ချိန်(နေ)စောင်းလို့ 
ခွေးပိန်ငယ် လျှာတလှပ်လှပ် သခင်အပါးယဉ်ကယ်ပါးထပ်ချက်ပေါ့လေ
ကြံစုန်နွား ပြေးလမ်းတဆုံး ဖုန်လုံးတွေလည်းလိမ့်လို့ ရယ်
ခြူသံမြိန် မိုးထိစွန့် မလေး ပြေးကြပေါ့လေး....

ခါချိန်ဝယ်ဂိမ္မာန်လပေမို့ 
ဒဟတ်ပန်းကြွေလေမှာဝဲ စင်္ကြာနှယ်လေး
ပင်ဇီးဖြူ ညှာတံပွတ်၊ပန်းစကားတို့  အလှကြွယ်
အရိုင်းငယ်တောင်ငယ်ပန်းရယ်နှင့် ဆွတ်ပျံ့ ဖွယ်
ပန်းချီမှုန်း သီကုံးရယ်မှီစာကိုစီ တုမနိုင်ပါ့မလေး
ပင်လက်ပံ ခြေအောက်ရင်းက ပွင့်ခင်သဏ္ဍာန်
ကောဇောခင်းနှယ် ရဲနေပေါ့လေး...
ဇရပ်၊ချိုး၊ခါး၊ဘုတ်ငယ်နှင့်ဘီလုံး၊ကြက်တူ...သာတကာစုံ
ပျော်ရွှင်ရွယ်မြူး ဆိုသီကြူးကာ ဝတ်ရည်ကိုငုံကြတယ်
တောလုံးကယ်မြူး.....
ပင်လက်ပံ တောင်ကိုင်းဖျားက ပျားကယ်ပုံ အုံကြတယ်
ဆန်ကောလောက်ကို  ကြီး....

တောင်တော်ပြင် ရွှေမြင်တင်နှင့်လှေကားနင်းချီတက်ရင်းက
အမောထူ တောသူလေအား လေပြေကူ ထူကာပေးလို့ 
ဆည်းလည်းသံ တချွမ်ချွမ်နှင့် တောင်ပေါ်မှာ စေတီသာအား
ဦးခိုက်စို့ လေး....

အညာနွေ ပူပုံထူးရယ်
တနောင်း၊ဇီး၊မကျဉ်းနှင့် ဆူးပင်ကများ လေတွေရူးတဲ့
ဒီလရယ် တန်ခူးမှာက ခံစားလွယ် စကားမကြွယ်သူမှာ
အညာလမ်း  တမာတန်းနှင့်
အလွမ်းတွေနဲ့ လူး............

                                လေလွင့်လူ(ကမာမြေ)










Monday 6 February 2012

ညီမလေးရဲ့ ဒီဘဝလေး....

     
       ညီမလေး
ဒီဘဝအရေးက ညီမလေးပါ...
အညီမျှတွေးဖို့  အချီချနှေးတဲ့
ညီမလေးရဲ့ အသိုင်းဝိုင်းတွေကြား
ကိုယ်က ရိုင်းစိုင်းနေပြီလား...

        ညီမလေး
တစ်ခဏမဟုတ်တဲ့ ဒီအတွေး
ညီမလေးကိုပေးလို့  အိပ်တွေရက်ရှည်ခဲ့ပြီ..
မျှော်လင့်ချက်နဲ့ မျှော်လင့်ခြင်း
ကိုယ့်အတွက်လတစ်စင်းက
ညီမလေး မင်းပဲ..

          ညီမလေး
ဖွင့်မဟရဲတဲ့စကား ရင်ထဲကသာကြားသိမယ်ဆို
ညီမလေးအပေါ်ထား မေတ္တာတရား
ခပ်ပါးပါးတော့မဟုတ်ရပါဘူး..

        ညီမလေးရယ်
ဆုံဆည်းခွင့်တွေ ပိုင်ဆိုင်ဆွတ်ယူဖို့ 
တောင်းတနေမိတဲ့ ကိုယ့်လိုလူတစ်ယောက်အတွက်
ချစ်ခြင်းဆိုတာတွေ ညင်သာနူးညံ့မှုအောက်
ခံစားခြင်းရစ်ပတ်မှုနွံထဲမှာ
ညီမလေးနဲ့ အတူ ထာဝရနစ်မြှပ်ခွင့်ပေးပါလား....


(ကျွန်တော်ကိုတဂျီးဂျီးတောင်းဆိုတတ်တဲ့
ကော့သောင်းသားလေးအတွက်
ရင်ဘတ်ဌားရေးဖွဲ့  ထားပါသည်။)
                                                    လေလွင့်လူ(ကမာမြေ)

“မတားထားတဲ့ စည်း”


ပိုးထိုးထားတဲ့ ခံစားချက်တွေ
အပြီးသတ်လှီးထုတ်ကာမှာ
ဘာဖြစ်လို့  ရှိုက်သံသဲ့သဲ့က
ကျန်နေရတာလဲ...
အချိန်ကောင်းကိုစောင့်နေတာမဟုတ်ဘူး
အချိန်ကောင်းဖို့ စောင့်နေတာ..
သတ်မှတ်ချက်ရဲ့  စံတော်ချိန်မျဉ်းဆိုတာ မတူမှတော့
ငါတို့ နှစ်ဦး ဆန့် ကျင်ရာသာ ဦးတည်ကြစို့ ...
ကျောခိုင်းရုံလောက်နဲ့  ဆန္ဒတွေကုန်မယ်လို့  
မင်းယူဆနေတာလား...
အချစ်ဆိုတဲ့ အရာက လေးကလွှတ်တဲ့မြှားလိုပဲ
ဦးတည်ချက်ဘယ်တော့မှ မပြောင်းဘူး...
ရင်ခုန်သံတွေမသေဆုံးဘူး..
မျှော်လင့်ချက်တွေလည်း တိမ်နဖုံးဘူး...

အသက်ရှုချိန်တိုင်းတော့ မင်းမဟုတ်ဘူး
ရန်ခုန်မှုတိုင်းတော့ မင်းရှိနေတယ်...
ယုံကြည်ချက်တိုင်းတော့ မင်းမပါဘူး
မျှော်လင့်ခြင်းတိုင်းမှာ မင်းပါနေတယ်...
ငါ့ရင်မှာ နေရာအများကြီးမရှိဘူး...
တစ်နေရာထဲမှာ မင်းရှိနေတယ်...
တန်ကြေးဆိုတာမသတ်မှတ်ထားဘူး
မင်းကိုတော့ တန်ဖိုးအထားဆုံး...
“မေ့သွားမှာပါ”ဆိုတဲ့ စကား
ငါ့နားအခါးဆုံးပဲ...
 အချစ်က ဒီရေကျန်အမှိုက်စမဟုတ်သလို
 အမှဲ့ လွန်အသီးတစ်လုံးလည်းမဟုတ်ဘူး..
တားဆီးထားရင်တောင်ဖြတ်ကျော်ပြီး
အပြစ်ရှိရင်ခံယူလိုက်မယ်...
ငါလည်းမမှား မင်းလည်းမမှားတဲ့ဒီကြားမှာ
လွှတ်ပစ်ဆဲဆဲ သံယောဇဉ်တွေ ပြန်ယူထားပါကွာ...
ငါ့တို့ နှစ်ဦးသားအနာဂတ်
ပူလောင်ခြင်းမိုးတဲ့ ထီးတစ်လက်မဟုတ်လား..
အဲ့ဒီ့အရိပ်အောက် ငါ့တို့ နှစ်ယောက်အတူရှိသင့်ပါတယ်.......

                                                လေလွင့်လူ(ကမာမြေ)




Friday 3 February 2012

နတ်ဆိုးတစ်ကောင်နှင့်အိပ်မက်တစ်ခင်း


             

ပြာရီနေတဲ့နှုတ်ခမ်းတစ်စုံထက်က
ခြောက်သွေ့ သွေ့ စကားလုံးတစ်ချို့ 
ဂီတလိုသံစဉ်တော့ မဟုတ်ဘူး....
အိမ်မက်နတ်သမီးပျိုရဲ့ဆိုတေးတစ်ပုဒ်က
ကဝေပျိုရဲ့ လွမ်းတေးတွေဖြစ်နေတယ်....

အလင်းတိုင်အရိပ်အောက် ပိုးစုန်းကြူးတစ်ကောင်ရဲ့အိပ်မက်ဖမ်းစားရင်း
ဘယ်မှာလဲ လမင်း...
ညခင်းမှာစစ်ခင်းရင်းခပ်ဖျောက်ဖျောက်အလင်းအောက်
အသိတရားကိုယ်စီနဲ့ ဒူးတွေထောက်ခဲ့ရပေါ့....

မြက်ခင်းပြင်မစိမ်းလန်းအောင် မိုးရည်တွေပြုစားထားတယ်
ဆန့် ကျင်ဘက်တွေပဲ ထိပ်တိုက်ရင်ဆိုင်နေရအောင်
ဇာတာသီကြိုး အငြိုးနဲ့ ပွဲမှာ
ဆိုင်းပေါင်ကျိုးထမ်းပိုးနဲ့  ငွေလေးရွေးမင်းဖြစ်
ဒီဇာတ်တွေတော့ ကျန်ရစ်ပြီ...

ဘယ်လိုဖြစ်နိုင်မှာလဲ
ဒဿကိုအချစ်ရှုံးသမားတဲ့...
အချစ်ဆုံးသမားပါ
သီတာဒေဝီအပေါ်ချစ်စိတ်မပြယ်
ရာမမင်းလေးချက်အောက်အသက်ကယ်ပျောက်ခဲ့ရပေါ့...

ခပ်ပေါ့ပေါ့မဟုတ်တဲ့ အကျင့်တစ်ချက်အောက်
သောက်လိုက်တိုင်းလည်းခါးနေရပြီ
အတွေးစဉ်တိုင်းလည်း မှားနေရပြီ...
တက်ခဲ့တာတော့ခပ်မြင့်မြင့်မဟုတ်တော့
ဘယ်မှာလာပြီး လေညှင်းအေးမှာလဲ...
လက်တွေ့ သဘောရဲ့ အကြင်နာနယ်က
အလင်္ကာမကြွယ်တဲ့ ပြယုဒ်တွေနေမှာပါ..
ကြင်နာခြင်းတစ်ခင်းလုံးကိုမှ ကြမ္မာပျားကဝတ်ရည်စုပ်သွားလေတော့
ချိုမြန်ခြင်းတွေ သေဆုံးခဲ့ရတာပေါ့..

လိုတာမရ မရတာလိုတဲ့ဘဝ
ညတာတွေတိုဆဲမှာတော့
မလောက်မငှ အလွမ်းတွေတော့ လာမချပါနဲ့ ...
ဌာနက အစာမဝလည်း အတောင်စိုစိုနဲ့ ပျံနေအုံးမှာပဲ..
ဓားတောင်ပဲကျော်ကျော် မီးပင်လယ်ကိုပဲဖြတ်ဖြတ်..
ဇာရာအို ရတုတစ်ပုဒ်တော့ပျိုရွယ်နေဆဲပါ..
အလိုက်သင့်သက္ကရာဇ်တွေ ပြိုမယ်ဆိုလည်းပြိုလောက်ပါတယ်
နေ့ ရက်တွေတောင်ခြစားသေးတာပဲ...

၂၀၁၂ ကမ္ဘာပျက်မယ်ဆိုလား...
အယူခံတွေဝင်လို့ မရမဲ့အတူတူတော့
Feb:14 မတိုင်ခင်သာပျက်လိုက်ပါတော့လား......

                                                      လေလွင့်လူ(ကမာမြေ)

ကောင်မလေးအတွက်ရေးထားတာ...





ကောင်မလေးရေ...
မြူတွေဝေတဲ့ ဆောင်းတစ်ညက
အချစ်တွေပျောက်ရှခဲ့တယ်
နူးညံ့ခြင်းမျက်ဝန်းတစ်စုံက ကြင်နာခြင်းတွေဖိတ်စင်ခဲ့လို့ 
ငါလေ...ရင်မှာအရိပ်ဆိုတာထင်လာခဲ့ပြီ....

ကောင်မလေးရေ...
နီးစပ်ခြင်းမှာ ယဉ်ပါး ထင်မထားပဲ
ချစ်ခြင်းတရားတွေနေရာယူသွားတော့
ချစ်ခြင်းတွေကိုမိုး အလွမ်းဆိုတာ စီချင်းထိုးရမှာ
ငါလေ...အစက ဘာလို့ မသိခဲ့ရတာလဲ...

ကောင်မလေးရေ...
မျှော်လင့်ချက်ရဲ့ လမ်းပေါ် အတောင်တွေကမစုံ
ချစ်ခြင်းတွေပြည့်စုံဖို့  ကာရံဆိုတာလှပနိုင်ပမလား
စွန့် လွှတ်ခြင်းဆိုတာ ကြိုးစားဖို့ 
ငါလေ...အခါခါတွေဝေခဲ့ရတယ်

အပြင်ပိုင်းမှာ ငါပြုံးပေမယ့် နှလုံးသားကအခါခါငိုနေပြီ
ဒါပေမဲ့..ငါပျော်ပါတယ် ကောင်မလေး
ချစ်ခြင်းတွေချစ်ခွင့်ရတဲ့တခဏလေးဟာ
ငါ့ဘဝရဲ့ခမ်းနားတဲ့ ဒဏ္ဍာရီလေးပါ
အလွမ်းတွေနဲ့  မျက်နှာသစ်ဖို့ 
ငါ့ကိုတခဏတော့ အိပ်ခွင့်ပြုပါ ကောင်မလေးရေ........

                                                            လေလွင့်လူ(ကမာမြေ)

Thursday 2 February 2012

အရိပ်တစ်ခုရဲ့ခြေရာစစ်



နင်ပုံပြောထားတာ ငါသိတယ်
ငါ ပုံအောထားတာ နင်မသိတာ
အလိုရှိမှ အခင်ဆုံး နင်သုံးတတ်တဲ့စကားလုံး
သုံးသပ်ဖို့ ခက် ဆုံးဖြတ်လို့ မတတ်
နင်မုန်းသွားရင် အရင်ဆုံးဖျားမှာ ငါ့နှလုံးသားလေ...

သတိရလားမမေးနဲ့  နင့်အကြောင်းပဲတွေး
ညှိလို့ မရနေ့ ည နင့်ငါ့ကိုပြုစားထားတယ်
ကုစားဖို့ အတွက် နွေးထွေးတဲ့လက်တစ်စုံ
ဒီတစ်သက်ပုံကာပေးဖို့  အကုန်သာတွေးတော့...
ဆုံမှတ်တွေဝေး ငါ့ရင်ခုန်သံ အေးစက်ခဲကုန်ရပြီ...

နင်ရှိရင်ငါပျော်တယ် နင်ရှိအောင်ငါမျှော်ဖို့ 
ရောင်နီလင်းသစ် တစ်ပေါက်လောက်တောင်
ငါ့မှာခံစားခွင့်မရှိနိုင်တာသိနေတယ်....
ဆာလောင်မှုနဲ့ နှလုံးသားငယ် အပြုံးစကားအလည်
အရှုံးများလွယ် ရုန်းအားငယ်တော့...
ကံဆိုတာယုံ ပုံကာရယ်သက်ဆင်း
နင့်ခြေရင်းက ငါ့အချစ်...
နင်းချေပစ်မယ်ဆိုလည်း ငါမငြင်းပါဘူး...

ဘာဖြစ်ဖြစ်ချစ်နေချင်တာဆိုတာထက်
ဘာလုပ်လုပ်ခွင့်လွှတ်ပေးတတ်တာ
ရယူလိုခြင်းအတ္တတွေလို့  နင့်စာရင်းမှာမပါရင်
အနာဂတ်ရဲ့ နှစ်ဦးသားလမ်း ပန်းတွေတော့မခင်းတတ်ဘူး
ပျော်ရွှင်ခြင်းတစ်ခင်း ငါစိုက်ပျိုးရင်း
လက်တစ်ကမ်းမှာတော့ရှိနေမယ်
နင်ကျေနပ်မှာပါ....


                                              လေလွင့်လူ(ကမာမြေ)