Monday, 20 February 2012

ဘာဖြစ်ဖြစ်....

ဆုံမှတ်အတွက် ဂုဏ်ဒြပ်တွေ..
လောကမှာ အဲ့လောက်မခမ်းနားဘူး
ဆန်းပြားတဲ့ အနမ်းတွေအကြောင်း
ပုံပြင်ဆန်ဆန်ပဲ သိခဲ့ရတာ
ခံစားချက်စုပုံတဲ့ ရင်ဘတ်တစ်ခုလုံး
ကျေနပ်ခြင်းအောက်က ဥပက္ခာတရားတွေ
နှောင်ကြိုးတွေကိုမှ တိုက်စားတတ်တဲ့ လှောင်ရယ်သံ
အပြုံးနဲ့ ကျီစားသွားတဲ့ အမုန်းပန်းတွေ
အဲ့ဒီ့ရနံ့ ကိုမှ ရူးသွပ်မှုတွေနဲ့ နမ်းရှိုက်ခဲ့ရသူ
နာကျင်မှုနေ့ စဉ် ရက်စွဲတွေထပ်ထပ်နေပါစေ
တန်ဖိုးမထားလည်း ပျိုးထားဆဲချစ်ခြင်းတွေ
တခဏမဖက်တဲ့ ထာဝရအတွက်
နှလုံးသား ပုံဖမ်းကားတစ်ချပ် မျက်နှာပြင်မှာ
နင်ပဲနေရာယူတတ်လို့ 
နာတာရှည်သမားတစ်ယောက်လို
တမ်းတမှုနောက်တွဲ“မင်းမရှိလည်းဖြစ်တယ်”ဆိုတဲ့
လူစားထဲ ငါမပါဘူးဖြစ်နေတယ်....

ကျေးဇူးပါ ကံတရားရယ်
တွေ့ ဆုံခွင့်တွေအတွက်...
မဆုံမှန်းသိတဲ့ လမ်းကိုယှဉ်လျှောက်ရမှာတော့
နေ့ တာကော၊ညတာတွေပါ
ရှည်ပါစေ တောင့်တရုံကလွဲပြီး
ကုစားဖို့ ဆေးမရှိဘူး
နင့်အတွက်ပိုနေတဲ့ ငါ့လိုအပ်ချက်တွေ
တကိုယ်ရည်တည်း နင်သာငိုခဲ့ရရင်
ငါ့ပခုံးလေးမှာ ခေတ္တလာနားခိုပါ
ငါမဟုတ်တဲ့ တခြားရင်ခွင်ရဲ့
နင့်ရဲ့ပျော်ရွှင်မှုအားလုံး ဥပက္ခာပြုပေးထားပါ့မယ်.....

                                      လေလွင့်လူ(ကမာမြေ)

1 comments:

ရစ်ငှက် said...

ဒါပဲလေ
နောက်ဆုံးမှာတော့
အချစ်ကပေးတဲ့ဒဏ်ရာကို
အဲ့ဒိ ချစ်သူကုပေးမှပဲရတာပဲလေ
ဒါကိုနားလည်ရင် မင်းတို့နှလုံးသားတွေ
နာကျင်တော့မှာမဟုတ်ဘူး.........

Post a Comment