Wednesday 28 March 2012

အလင်းဌက်ရဲ့ ခြေသံ



ကြိုးကြာတွေ ထောင်ချီတဲ့ခရီးမှာ
စွန်တစ်ကောင်  လေဟုန်ကြားက
ခပ်ဖျောက်ဖျောက် မိုးစက်အောက်
အတောင်စို ညဥ့်အနက်မှာ
အိပ်မက်တွေ တစ္ဆေနိုး
စိုးမိုးလို့ သွားတယ်။

ရာသီစာ ပစ် ပေါ်ဦးပေါ်ဖျားကြား
ဆန္ဒတွေ ဆန်အတက် အလှည့်မတတ်တော့
ခရီးတွေ ရှည်ကုန်ရပြီး။

အတိတ်နဲ့ အနာဂတ်
ပစ္စုပ္ပန်ရဲ့  ဒဏ်ချက်
ဖားထေးမှုတွေ ထပ် 
ဘာသာစကား မတတ်တယ်တဲ့နယ်မှာ
အိပ်မက်တွေ ဆွဲကြိုးချသွားတာ 
အခါခါပဲ။

ခိုင်မာချက်မှာ ဂဟေအထပ်ထပ်နဲ့ 
တည်ဆောက်ထားတဲ့ ပန္နပ်တွေ
လက်ရေမချိုးခင် မျက်စိတမှိတ်လေး
ပျောက်ကွယ်ကုန်ကြတယ်။

ဆန်ကုန်မြေလေး ဒီအတွေးနယ်များ
ခပ်ဝါးဝါးလေးသာ ဖျောက်ပစ်လောက်အောင်
အများအခါး လိုက်ခါးနိုင်ဖို့ 
ကြမ်းကြားထက် လေ အဝသယ်ဖို့ 
သိက္ခာတရားတွေနဲ့  ထုတ်ပိုးနေတယ်။         ။


                                                             လေလွင့်လူ(ကမာမြေ)

Sunday 25 March 2012

နေ့ ခင်းမှာ လမသာ



မညာတတ်ဘူး..
စာနာတတ် နှလုံးသားတစ်ခုပဲ လိုအပ်တာ။
အပိုဇာတ်ခင်းပြီး ငါ့လည်ပင်း အခါခါနင်း
ကြိုးကွင်းစွပ်ဖို ကြံစည်ချက်
ဟန်မပျက်ပါဘူး။
ငါ့ကတော့ ရယ်လျက်။

လောကဟာ စုတ်ချက်ညီတယ်။
အထိုင်အထလည်း မြန်တယ်။
အရင်းဆွတ်ရင် အရင်းပဲ ညှိုး၊
အကင်းဆွတ်ရင်လည်း အကင်းပဲ ညှိုးရမှာ
ဒါဟာ ဓမ္မတာပါ သူငယ်ချင်း။

ကိုယ်လုပ်တာ ကိုယ်တွေးပါ။
သူတစ်ပါး အရေး ကိုယ်ချင်းစာမပေးတောင်
ခပ်နှောက်နှောက်တွေ လာမပေးစမ်းပါနဲ့ ။
မင်းလမ်းလည်း သာမယ်ထင်တာလား....

(ခပ်စားစား သူငယ်ချင်းတစ်ယောက်သို့ ....)               
                                                     လေလွင့်လူ(ကမာမြေ)

Tuesday 20 March 2012

"သွေးလွန်အိပ်မက်ပုံပြင်"


မတည်မြဲခြင်း နိယာမကို
ဘယ်သစ္စာနဲ့  နောက်ယောင်ခံလိုက်မှာလဲ
ဖြူစင်ပါတယ်ဆိုတဲ့ အပြုံးတစ်ပွင့်က
မုန်းသူကြား လက်နက်ဖြစ်ခဲ့ရတယ်
တွန့် ကြေအိပ်မက်ရဲ့  ခေါက်ရိုးတွေ
ပြန်ဆန့် နိုင်ခဲ့မယ် ဆိုရင်တောင်
အရာမထင်ကျန်စေ ဖို့ ခက်တယ်
ဘယ်လောက်ပင် အမြင့်ပျံပါစေ
အတောင်ညောင်းခိုက် နားခိုရာကိုတော့
တင်္ဂသတိတော့ ရသင့်တယ်
သီးခြားထားမှ စည်းခြားထားတော့
ဖြစ်ချင်တာတွေ ဖြစ်ပါစေတော့
မနစ်နာစေဖို့  ပစ်ခွာနေတာလိုစိတ်ကို
မာနတွေနဲ့  အလဲလှယ်လုပ်သွားတယ်
နံပါတ်တစ်ရဖို့  နံပါတ်ဘယ်လောက်တွေ ပစ်ချရမယ်ဆိုတဲ့
အရိုးစွဲအတ္တက ချစ်ခြင်းမေတ္တာဆိုတာ
ကောက်ကြောင်းပေးနိုင်မှာတော့ မဟုတ်ဘူး
ဘယ်တတ်နိုင်မလဲ
သံယောဇဉ်ကိုက ဆေးမခြောက်မှန်းသိသိကြီးကို မှီခဲ့မှာတော့
ပျော်ရွှင်မှု လှိုင်းကြပ်ခွပ်မှာ ခဏတာ လေပြေညှင်းလောက်နဲ့  ကျေနပ်ပါတယ်
ယုံကြည်မှု အပြည့်သယ်ဆောင်ခဲ့ရတဲ့
အတွေးအိပ်မက်ရဲ့  အပိုင်းစတွေ
ဆက်လက်ရှင်သန်ဖို့  ဘာတွေမှဆွဲမဆန့် ချင်တော့ဘူး

အရမ်းတန်ဖိုးထားခဲ့ရတဲ့ ထက်မြတ်မှုတွေက
နေ့ နဲ့ ည ဝေဒနာခွဲစိတ်မှုအပြီးမှာ
အကြီးမားဆုံး ရက်စက်မှုတွေ ဖြစ်နေတာ    
နှမြောမိတယ်
နောက်ဆက်တွဲ ထိန်ချန်မှုတွေနဲ့ 
စည်းမဲ့ကမ်းမဲ့ အလွမ်းက အသစ်အသစ်ရက်စွဲတွေထက်
ပြန့် ကြဲနေမှာတော့ အမှန်ပဲ။                  ။

                                                    လေလွင့်လူ(ကမာမြေ)

Saturday 17 March 2012

အလွမ်းညရဲ့ ပင့်သက်များ





မင်းနဲ့ အပြီးသတ်ဝေးရာမယ်ဆိုတဲ့ တစ်ညက
လွမ်းခြင်းတွေ မငိုအောင် ငါထိန်းခဲ့တယ်
ဒါပေမဲ့...
မိုးသောက်ချိန်ရဲ့ ရှိုက်သံတွေ ငါမပိုင်ခဲ့ဘူး

စိတ်သစ်ကိုယ်သစ်နဲ့  နေ့ ရက်တွေမှာ
မင်းဆိုတာကို မေ့ထားခဲ့ပါတယ်
ဒါပေမဲ့...
အလွမ်းပြိုတဲ့ ရက်စွဲတွေ ငါမပိုင်ခဲ့ဘူး

မင်းအတွက် နယ်မြေသစ်ဆိုတာတွေ အမြဲစိမ်းလန်းနေဖို့ 
ငါဆုတောင်းပေးခဲ့တယ်
ဒါပေမဲ့....
ငါ့ရင်ခွင်ကို ဆက်လက်ရှင်သန်ခွင့်တွေ ငါမပိုင်ခဲ့ဘူး

 နောက်ဆုံးတော့...
ချစ်ခြင်းမှာ ငါပိုင်ဆိုင်ရတာ
မင်းရဲ့ အမုန်းဆိုတာတွေပဲ...
ငါကျေနပ်ပါတယ်...
တခါခါ အနေမတတ်တဲ့ ငါ့နှလုံးသားကိုတောင်
မင်းစိတ်မဆိုးရအောင် တမ်းတခွင့်တွေတောင်
ရုပ်သိမ်းထားလိုက်တယ်.....။              ။

                                                          လေလွင့်လူ(ကမာမြေ)
 (မင်းအတွက် ရတဲ့ဒဏ်ရာဆိုတာ ငါ့အတွက် အသေးဖွဲပါ....)

Saturday 3 March 2012

“ဝင်သက်ထွက်သက်များ”



ကောင်မလေးရေ-
မင်းရော ငါရောခံစားချက်ကိုယ်စီနဲ့ 
အခမဲ့ရပ်နားစခန်းမှာ တထောက်နားခဲ့ကြတယ်
ဇာတ်ညွန်းဖတ်ပြီး အချစ်ဆိုတာ
သရုပ်ဖော်ရတော့ မခက်ပါဘူး
မင်းမတမ်းတတော့တဲ့ ကာလတွေမှာလေ
ငါ့အိပ်မက်တွေတော့ အချဉ်ပေါက်ခဲ့ရတယ်
ကာရံတွေပဲ မညီခဲ့တာလား...
သံစဉ်တွေပဲ မပီခဲ့တာလား...
လမသာတဲ့တစ်ညက ငါ လမင်းနဲ့ စကားပြောဖြစ်တယ်
မင်းအကြောင်းတွေကိုပေါ့..
ဘာမှတော့မဟုတ်ပါဘူး
တစ်ချက်ချက်အမောဖောက်တတ်တဲ့
တမ်းတခြင်းသက်သက်တွေကိုပါ..
ကြယ်တွေကတော့ ငါ့ကိုမုန်းကုန်ကြပြီ။

ကောင်မလေးရေ-
မေ့နိုင်ဖို့ အမှတ်စဉ်ရေတွက်တိုင်းမှာ
ဥသြဌက်ရဲ့ ဆိုတေးတွေကို ငါတားမရခဲ့ဘူး
ပျိုမျစ်ခြင်းစမ်းတွေ မခမ်းစေချင်ဘူး
ငါ့လက်ထဲက ပန်းတွေကိုလည်း မနွမ်းစေချင်ဘူး
ဒါပေမဲ့လေ..
ငါရနံ့ ရှိုက်ဖို့ အမေ့မှာ ပန်းလေးငိုက်ခဲ့တယ်
အခုဆိုရင်-
အချစ်ဆိုတာကို သက်တမ်းတိုးဖို့ ငါကြောက်တတ်နေပြီ
ရက်လွန်နေတဲ့ မျှော်လင့်ချက်တွေနဲ့ ပဲ
ဗလာနေ့ စွဲတွေကို ဆက်ပြီးလှော်ခတ်နေဆဲပါ။

ကောင်မလေးရေ-
အိပ်မက်တွေသာ တရားစွဲလို့ ရရင်
လျှော်ကြေးအဖြစ် ဆုံနိုင်ခွင့်တွေ
တောင်းဆိုမိမှာအမှန်ပဲ ကောင်မလေး.....။           ။

                                              လေလွင့်လူ(ကမာမြေ)