Saturday 3 March 2012

“ဝင်သက်ထွက်သက်များ”



ကောင်မလေးရေ-
မင်းရော ငါရောခံစားချက်ကိုယ်စီနဲ့ 
အခမဲ့ရပ်နားစခန်းမှာ တထောက်နားခဲ့ကြတယ်
ဇာတ်ညွန်းဖတ်ပြီး အချစ်ဆိုတာ
သရုပ်ဖော်ရတော့ မခက်ပါဘူး
မင်းမတမ်းတတော့တဲ့ ကာလတွေမှာလေ
ငါ့အိပ်မက်တွေတော့ အချဉ်ပေါက်ခဲ့ရတယ်
ကာရံတွေပဲ မညီခဲ့တာလား...
သံစဉ်တွေပဲ မပီခဲ့တာလား...
လမသာတဲ့တစ်ညက ငါ လမင်းနဲ့ စကားပြောဖြစ်တယ်
မင်းအကြောင်းတွေကိုပေါ့..
ဘာမှတော့မဟုတ်ပါဘူး
တစ်ချက်ချက်အမောဖောက်တတ်တဲ့
တမ်းတခြင်းသက်သက်တွေကိုပါ..
ကြယ်တွေကတော့ ငါ့ကိုမုန်းကုန်ကြပြီ။

ကောင်မလေးရေ-
မေ့နိုင်ဖို့ အမှတ်စဉ်ရေတွက်တိုင်းမှာ
ဥသြဌက်ရဲ့ ဆိုတေးတွေကို ငါတားမရခဲ့ဘူး
ပျိုမျစ်ခြင်းစမ်းတွေ မခမ်းစေချင်ဘူး
ငါ့လက်ထဲက ပန်းတွေကိုလည်း မနွမ်းစေချင်ဘူး
ဒါပေမဲ့လေ..
ငါရနံ့ ရှိုက်ဖို့ အမေ့မှာ ပန်းလေးငိုက်ခဲ့တယ်
အခုဆိုရင်-
အချစ်ဆိုတာကို သက်တမ်းတိုးဖို့ ငါကြောက်တတ်နေပြီ
ရက်လွန်နေတဲ့ မျှော်လင့်ချက်တွေနဲ့ ပဲ
ဗလာနေ့ စွဲတွေကို ဆက်ပြီးလှော်ခတ်နေဆဲပါ။

ကောင်မလေးရေ-
အိပ်မက်တွေသာ တရားစွဲလို့ ရရင်
လျှော်ကြေးအဖြစ် ဆုံနိုင်ခွင့်တွေ
တောင်းဆိုမိမှာအမှန်ပဲ ကောင်မလေး.....။           ။

                                              လေလွင့်လူ(ကမာမြေ)

2 comments:

ရစ် said...

တစ်ချက်ချက်အမောဖောက်တတ်တဲ့
တမ်းတခြင်းသက်သက်တွေကိုပါ..
ကြယ်တွေကတော့ ငါ့ကိုမုန်းကုန်ကြပြီ။
သနားပါတယ် ကမာမြေ ခဗျာ
ကြယ်တွေမုန်းတာခံနေရရှာတယ်.....။

သီရိ said...

ကဗျာလေး ကောင်းလိုက်တာ.....
အောင်မြင်ပါစေ ကဗျာဆရာ...

Post a Comment