Sunday, 26 February 2012

ပင်ကိုရောင်ခြယ်ခန်း


ကံတရားကို ဖဲချက်တွေလိုဆွဲ
လိုရာလည်းမရကော
“ဆိုးပါ့  လောကကြီးရယ်”လို့ 
အောက်အီးပြီးတောင်မနေ
ချက်ချင်းကြီးကို ထညည်းမိတယ်။

အံဝှက်မရှိတဲ့ လောကဓံကို 
ပြောင်းပြန်လိုက်တွေး
အဆန်ကို အစုန်ထင်
ပုံပြင်တွေနဲ့ ဒဏ္ဍာရီအကြား
လေထန်အောက် 
သက်မပျောက်တာတော်သေး။
အတောင်တစ်ဖက်နဲ့ ပဲ  အားစိုက်ပျံ့ ဖို့                                       
ခွန်အားတစ်စုံ   ပဲ့ကျန်နေသေးလို့ ...။

ငါမှားလား မင်းမှားလား
အဖြူအမဲ သည်းကွဲရအောင်
ဒီကျင့်စဉ်တွေ
ကိုယ်တိုင်ကလည်းဥာဏ်မမှီ..  
လောကကြီးဟာ လောကပဲ
ဘာမှအောချစရာမှမရှိတာ
အဖြစ်အပျက် အတက်အဆင်းနဲ့ 
သေချာတာတစ်ခုက
ငါ့ အရိပ် ငါတက်နင်းမိတာတော့ အခါခါပဲ။

မတတ်ခင်သာ အသင်ခက်တဲ့အပြုံး
တကယ်တမ်း....
အရှုံးခန်းမှာ ပြုံးတတ်လာပြီ။
ဒါပေမဲ့...                                   
အတုမဟုတ်ဘူး။
ဟန်ဆောင်ခြင်းကင်းတဲ့လောက
ငါလည်း ထပ်ဟန်ဆောင်ဖို့ မှမလိုတော့
ကျန်တာ..
သူ့ သဘောသူဆောင်ပေါ့။

ငွေကြေးတွေနဲ့ ကစားရင်း
သားကောင်တစ်လှည့် မုဆိုးတစ်လှည့်
ပြကွက်တွေလည်း
ဆန်းကြယ်တယ်။
အဲ့တာကြောင့်_
အမေအမြဲပြောခဲ့တာ
 “သား..ဘယ်သူတရားပျက်ပျက်
   ကိုယ်ဘက်ကမပျက်စေနဲ့ ”တဲ့..
အတောင်ကျိုး၊အိပ်မက်သိုးတော့မှ
ထသုံးမိတဲ့ စကား....။

ခပ်ခါးခါးမှာ ခပ်ဝါးဝါးဆင်
မမြင်တတ်လို့ လား..
မဟုတ်ပါဘူး..
မမြင်ချင်ယောင်ဆောင်ခဲ့တာ..။
ပင်ကိုရောင်ပြင် ရောင်စဉ်မဟုတ်
စွန်းထင်မှုအောက်
ခုနှစ်ထွေအကရဲ့  တစ်ည
ငါရလိုက်တဲ့  ညကြေးတွေ
တစ်သက်ထားတောင် စားမကုန်ဘူး။

အိပ်မက်တွေကရှည်လိုက်တာ..
အချစ်ကိုလည်း စိတ်ကူးယဉ်
အဆင်တွေလည်း တင့်
အချိန်စေ့ကာ ခေါင်းလောင်းထိုးတောင်
ငါမနိုးခဲ့ဘူး။
ဝမ်းရေးက လွမ်းရေးထက်ခက်တာအမှန်ပဲ။

ဘာတွေ.. ညာတွေ.. ဆိုတာနောက်ထား
အရင်ဆုံး ငါ့အထုပ် ငါပိုက်
လမိုက်မိုက်မှာပဲ
အတ္တနဲ့ မာနအမှိုက်ကြားက
မိုးယိုနေတဲ့ အိပ်မက်တွေ 
ဖာထေးရအုံးမယ်။      ။

                              လေလွင့်လူ(ကမာမြေ)

3 comments:

ချစ်စံအိမ် said...

ကဗျာလေးလာဖတ်သွားပါတယ်

ရစ် said...

“သား..ဘယ်သူတရားပျက်ပျက်
ကိုယ်ဘက်ကမပျက်စေနဲ့ ”တဲ့..
အတောင်ကျိုး၊အိပ်မက်သိုးတော့မှ
ထသုံးမိတဲ့ စကား....။
လေလွင့်တော့ ခလုတ်ထိပြီထင်တယ်
အမိတ နေတယ်ဟေ့.......P:
ခင်မင်စွာဖြင့်...

Candy said...

အတ္တနဲ့ မာနအမှိုက်ကြားက
မိုးယိုနေတဲ့ အိပ်မက်တွေ
ဖာထေးရအုံးမယ်

မိုက်တဲ့ကွာ...

Post a Comment