Sunday 25 December 2011

ပြယ်ချိန်စောင့်အလွမ်း



စွန်ဆိုတာ ကြိုးရှိမှလေပေါ်ဝဲနိုင်သလို
ဘဝဆိုတာ အချစ်ရှိမှ အနေကြာမြဲနိုင်မှာပါ...
တဒင်္ဂတွဲလက်တွေ မခိုင်မှတော့
ရင်နာလည်း လွဲရက်ကတိုင်သွားခဲ့ပြီပဲ...

လားရာမတူ တို့ နှစ်ယောက်အတွက်
ဂုဏ်ဒြပ်ကြား ဆုံမှတ်တွေကို
ခပ်ပေါပေါဖိနပ်တစ်ရံလို မင်းသဘောထားခဲ့တာကိုး.....
ငါ မင်း အပေါ်ထားတဲ့ ချစ်ခြင်းဆိုတာတွေ
မင်းနှုတ်ဖျားက ခပ်ပါးပါးနှုတ်ခမ်းနီလောက်တောင် အရာထင်ခဲ့လို့ လား...
မင်းကိုတော့ ဆရာတင်လောက်ပါတယ်
လှည့်စားပြီး နှုတ်မဆက်ရုတ်တရက်ထွက်ခွာ...
ငါ့အတွက်တော့ အလွမ်းတွေနဲ့ ပြာယာခတ် မှားခဲ့ရတဲ့နေ့ နဲ့ ရက်တွေ...
အပြစ်တော့မတင်ရက်ပါဘူး
ချစ်ခြင်းတွေရက်စွဲတပ် အမြဲမက်တတ် အိပ်မက်တွေကြောင့်ပါ...

တစ်ခေါက်လောက်တော့ ပြန်ဆုံကြည့်ချင်တယ်
မင်း သိမသွားတဲ့ နောက်ကွယ်က ငါ့ချစ်ခြင်းတွေ
မြက်ဖျားနှင်း မဟုတ်ဘူးဆိုတာကို...
ခံစားချက်တွေခင်း မျှော်လင့်ခြင်းရင်းပြီးချိန်ရောက်မှာ
ရှင်သန်ခွင့်တွေမြေမြှပ် ရေတစ်မှုတ်တောင် မကမ်းလင့်ခဲ့ဘူး...

(သာပါတယ်ကွာ)
မာယာတွေပြုစား ကုစားဖို့  ထားခဲ့တာ မုသားတွေပဲလား
လေထဲဆောက်ချင်တဲ့ စိတ်ကူးလို့ ပဲ ယူဆလိုက်ပါ
ခံစားချက်ပန္နက်တွေ ပြန်မနှုတ်ချင်တော့ဘူး
သွားကြားထိုးတံလောက်ပဲမင်းမြင်ခဲ့တာ
ဝါးတစ်ပင်လုံးခုတ်လှဲခံထားရတာ ဘယ်သိနိုင်မှာလဲ...

မျှော်လင့်ချက်ဆိုတာ....
ရေဒါမပါဘဲ ဦးတည်ချက်မဲ့ ခုတ်မောင်းနေတဲ့ သင်္ဘောတစ်စင်းမဟုတ်ဘူး
အိပ်မက်ဆိုတာ....
မြစ်ဖျားခံရာအရပ်မရှိတဲ့ မြစ်တစ်စင်မဟုတ်ဘူး
အချစ်ဆိုတာ...
လေတိုက်တိုင်းယိုင်တတ်တဲ့ ခပ်နွဲ့ နွဲ့ သစ်တစ်ပင်မဟုတ်ဘူး
မာနတော့ရှိသင့်ပါတယ်
ကိုယ့်အတ္တကိုတော့ပြန်မလိမ့်သင့်ဘူး...
မျှော်လင့်ထားတာတွေ
ကြယ်တစ်ပွင့်လို ကြွေချိန်တန်မှာတော့...
ချစ်ခြင်းတွေအတွက် ခုခံနိုင်ဖို့  ဘာကိုဆုတောင်းနေရမှာလဲ........။   ။
                                               
                                                                    လေလွင့်လူ(ကမာမြေ)

1 comments:

Anonymous said...

လေပေါ်မှာ လွင့်ချင်တိုင်းလွင့်နေတဲ့
"လေလွင့်လူ"
မျှော်လင့်ချက်ဆိုတာ....
ရေဒါမပါဘဲ ဦးတည်ချက်မဲ့ ခုတ်မောင်းနေတဲ့ သင်္ဘောတစ်စင်းမဟုတ်ဘူး
အိပ်မက်ဆိုတာ....
မြစ်ဖျားခံရာအရပ်မရှိတဲ့ မြစ်တစ်စင်မဟုတ်ဘူး
အချစ်ဆိုတာ...
လေတိုက်တိုင်းယိုင်တတ်တဲ့ ခပ်နွဲ့ နွဲ့ သစ်တစ်ပင်မဟုတ်ဘူး
ဆိုတာကို သဘောကျတယ်..ဒါပေမယ့်
ကြယ်ကြွေရင် ဘယ်ရောက်သွားလဲ
သိချင်ပါတယ် .....

Post a Comment